ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းပဋိပက္ခကို တွေ့ကြုံနေရသည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရောင်ခြည်သန်း နိုင်ဖို့ အနိုင်နိုင်ကြိုးပမ်းနေရဆဲဖြစ်ကာ အပေါင်းလက္ခဏာဆောင်သည့် အနေအထားတစ်ခုကိုပင် ကောင်းမွန်စွာမရောက်နိုင်သေးပါ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ အနေ အထားကို ကြည့်မည်ဆိုပါက မိမိတို့၏ လူမျိုး၊ အမျိုးသားရေး အတွက် ခိုင်မာသောယုံကြည်ချက်ဖြင့် လျှောက်လှမ်းကြသည်ဖြစ်သည့်အားလျော်စွာ ပြည်သူလူထု၏ ထောက်ခံမှု နှင့် ပူးပေါင်းပါဝင်မှု ပိုမို အရေးကြီးလာကြောင်းလည်း ထင်ရှားလာသည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုး များတွင် အမျိုးသားရေးအတွက် ဦးဆောင်မှု ပေးသော တော်လှန်ရေးအဖွဲ့အစည်း အသီးသီး ရှိကြသည့် နည်းတူ ချင်းလူမျိုးများအတွက် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် ကို ၁၉၈၈ ခုနှစ်၌ ဖွဲ့စည်းခဲ့ သည်။ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ချင်းပြည်နှင့် ချင်းလူမျိုးအတွက် ရှေ့ဆောင်လမ်းပြသည့်အဖွဲ့အစည်းဖြစ် သည်။

ရခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော် အကြားဖြစ်ပွားသည့် တိုက်ပွဲသည် ၂၀၁၅ ခုနှစ် မှစတင်ကာ တစ်စတစ်စဖြင့် အရှိန်အဟုန်မြင့်လာသည်။ ၂၀၁၉ နှစ်ဦးပိုင်းမှ စတင်ကာ အဆိုပါတိုက်ပွဲသည် ချင်းပြည်၊ ရခိုင်ပြည်တို့တွင် စစ်ရှိန်ပိုမိုမြင့်လာခဲ့ပြီး ချင်းပြည် ပလက်ဝမြို့နယ်တွင်လည်း ယင်းတိုက်ပွဲဒဏ်ကြောင့် ပြည်သူလူထုများသည့် ဆိုးရွားလှသော စစ်ဘေးဒဏ်များကို ခါးစည်း ခံစားနေရသည်။ ရခိုင့်တပ်တော် အနေဖြင့် ချင်းပြည်တွင် ယခုကဲ့သို့ တိုက်ပွဲဖော်ဆောင်နေခြင်းနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦးမှ သတိပေးပြောကြားမှုများနှင့်ပတ်သက်၍ ချင်းအမျိုးသား တပ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ (လက်ထောက်အထွေထွေအတွင်းရေးမှူး-၂) နှင့် အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ပါသည်။ ယခုလိုအချိန်ပေးဖြေကြားပေးသော ဆလိုင်းထက်နီကို လည်း CCN Channel Team မှ အထူးကျေးဇူးတင်ပါသည်။ 

👉CCN မေး – ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (ဒုတိယ အကြိမ်) အစည်းအဝေးကို မကြာသေးမီက ကျင်းပပြီးခဲ့တယ်လို့သိရပါတယ်။ ဘယ်လို အကြောင်းအရာတွေကို အဓိကထားဆွေးနွေးခဲ့ကြပါသလဲ။

👉ဖြေ – ဒုတိယအကြိမ်ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှာ ၂၀၂၀ နှစ်ထဲ ပထမအကြိမ်လုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းအစီအစဉ် တွေနဲ့ ဘယ်လိုအကောင်အထည်ဖော်ခဲ့ကြသလဲဆိုတာတွေကို အဓိကထားဆွေးနွေးသုံးသပ် ခဲ့ကြပါတယ်။ အထူးသဖြင့် ဌာနအသီးသီးရဲ့ လုပ်ငန်းဆောင်တာတွေလို့ပြောလို့ရပါတယ်။ 

👉CCN မေး – အခုလို ပလက်ဝမြို့နယ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး အနေနဲ့ ဘယ်လိုသုံးသပ်ချက်ပေးချင်ပါသလဲ။

👉ဖြေ – လက်ရှိပလက်ဝမြို့နယ်ကြုံတွေ့နေရတဲ့အခြေအနေက အားလုံးအသိပဲဖြစ်ပါတယ်။ တပ်မတော်နဲ့ AA နှစ်ဖက်တိုက်ပွဲကြောင့် ကျွန်တော်တို့ပြည်သူတွေ သေကြေပျက်စီးကြရတယ်။ အသက်လုံခြုံဖို့ အိုးအိမ်တွေစွန့်ပြီးထွက်ပြေးကြရပြီး ကိုယ့်ရေကိုယ့်မြေမရှိတဲ့သူတွေလို အနေအထား ရောက် နေရတယ်။ မလိုအပ်ပဲနဲ့ ထောင်ကျတာတွေ၊ အဖမ်းခံရတာတွေ ကြုံရတယ်။ အစားအသောက် တွေ ငတ်ပြတ်ပြီး ဆင်းရဲဒုက္ခမျိုးစုံကြုံနေရတယ်။ ဒါကြောင့် ဒီလိုအခြေအနေကို လက်ပိုက်ပြီး ကြည့်နေလို့မရတော့ဘူး။

👉CCN မေး – ဒီကိစ္စနဲ့ပတ်သက်ပြီး CNF နဲ့ AA ကြားမှာ ညှိနှိုင်းပြောဆိုတာမျိုးရှိပါသလား။ 

👉ဖြေ – ဒါနဲ့ပတ်သက်ပြီး AA နဲ့ တရားဝင် (၂)ကြိမ်ညှိနှိုင်းဆွေးနွေးတာရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုလားချက်အတိုင်း မလိုက်နာဘူး။

👉CCN မေး – AA ဘက်က ပြောရေးဆိုခွင့်ရှိသူကပြောတယ် ဒီလိုစစ်ဖြစ်တာဟာ ဗမာစစ်တပ်က တိုင်းရင်းသားတွေနေတဲ့နေရာကို လာကျူးကျော်လို့ဖြစ်တာလို့ ပြောဖူးတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကလည်း CNF ရဲ့  statement အပေါ်မှာ နားလည်မှုရှိကြောင်းနဲ့ အခြေအနေကြောင့်သာ အခုလို ဝင်ရောက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ 

👉ဖြေ – တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ စစ်တပ်လို့ ကျွန်တော်တို့ လက်ခံခြင်း /လက်မခံခြင်း နဲ့ ပိုပြီး ဆက်စပ်မယ်ထင်ပါတယ်။ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့စစ်တပ်လို့ ကမ္ဘာက အသိအမှတ်ပြု လက်ခံထားပါတယ်။ တစ်နိုင်ငံလုံးရဲ့စစ်တပ်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လက်ခံသည် ဖြစ်စေ/ လက်မခံသည်ဖြစ်စေ နိုင်ငံလုံခြုံရေးအတွက် အဓိကတာဝန်ရှိတဲ့အဖွဲ့လို့ တပ်ကတော့ ပြောမှာပဲ။ ဒီအခြေအနေမှာ ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း သောင်းကျန်းသူ/ သူပုန်တွေလို့ သမုတ်ပြီး ကျွန်တော်တို့ရှိတဲ့နေရာကို လာတိုက်တာဖြစ်တယ်။ တပ်မတော်ကတော့ သူမှန်တယ်လို့ပြောမှာပဲ။ ပြီးတော့ ထွန်းမြတ်နိုင် ပြောတာနဲ့ပတ်သက်ပြီး AA ပဲဖြစ်ဖြစ် တခြား ကျွန်တော်တို့ညီနောင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် အားလုံး က အပြန်အလှန်နားလည်မှုရှိကြပါတယ်။ AA ရဲ့ အနေအထား နဲ့ အခြေအနေတွေ ကျဉ်းမြောင်းနေတာ ကိုလည်း ကျွန်တော်တို့နားလည်ပါတယ်။ မေးခွန်း ၂ မှာ ဖြေခဲ့သလို ကိုယ့်ရဲ့ ပြည်သူတွေအနေထားကိုလည်း လျစ်လျူရှုလိုက်ဖို့ လုံးဝ (လုံးဝ) မဖြစ်နိုင်ပါဘူး။ ကိုယ့်ပြည်သူတွေအတွက်လည်း ထည့်စဉ်းစားရမှာ ဖြစ်တယ်။ ဒါကြောင့် statement ထဲမှာဆိုရင် War Crime ဆိုတဲ့ စကားရပ်အထိတောင် ကျွန်တော်တို့ ထောက်ပြထားတယ်။

👉CCN မေး – ချင်းပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးစိုးထက်ကလည်း CNF သာ ပလက်ဝမှာ တပ်နေရာ ချထားခဲ့မယ်ဆိုရင် ကိစ္စတွေက ဒီလိုတွေအထိဖြစ်မှာမဟုတ်ဘူးလို့ အမေးအဖြေ တစ်ခုမှာ ပြောဖူးတယ်။ ဒါနဲ့ပတ်သက်ပြီး CNF အနေနဲ့ ရှေ့လျှောက်ဘယ်လိုကိုင်တွယ်ဆောင်ရွက်ဖို့ ရှိပါသလဲ။

👉ဖြေ – ဝန်ကြီးဦးစိုးထက်က စစ်ရေးနောက်ခံရှိတဲ့သူဖြစ်တဲ့အတွက် လက်နက်ကိုင်တွေရဲ့ အနေ အထားနဲ့ သဘောသဘာဝကို နားလည်တဲ့သူဖြစ်မှာပါ။ ပလက်ဝမှာ တပ်နေရာချထားဖို့ အစိုးရနဲ့ စစ်တပ် တို့နဲ့ ကျွန်တော်တို့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြတယ်။ ဒါပေမယ့် ဒီနေ့အထိ မရသေးဘူး။ အခု AA ကဒီနေရာမှာ တိုက်ပွဲဖော်ဆောင်နေတယ်။ လက်နက်ကိုင်တွေအတွက် နယ်မြေစိုးမိုးရေးဆိုတာ အသက်တမျှအရေးကြီး တယ်။ ပလက်ဝမှာ အစိုးရက ကျွန်တော်တို့ တပ်နေရာချထားခွင့်သာရခဲ့ရင် အခြေအနေတွေက ကွဲပြားနိုင်မယ်လို့ ကျွန်တော်ထင်တယ်။ ပြည်သူတွေ သွေးမြေမကျပဲ/ ဒုက္ခ ဆင်းရဲမခံရဘဲ နိုင်ငံရေးဆွေးနွေးမှု စားပွဲဝိုင်းကနေပြီး အဖြေရှာဖို့ ကျွန်တော်တို့လိုလားတယ်။ ဒါပေမယ့် AA နဲ့ တပ်မတော် တိုက်ပွဲကြောင့် ကျွန်တော်တို့ပြည်သူတွေ သွေးမြေကျရပြီ။ ဒါကြောင့် သတင်းထုတ်ပြန်ချက် အတိုင်းဆက်သွားဖို့ ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။

👉 CCN မေး – AA အနေနဲ့ ချင်းပြည်မှာ နေရာချထားမှုမလုပ်ဖို့ CNF က သတိပေးတယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖို့ရှိပါသလဲ။ 

👉ဖြေ – သတင်းထုတ်ပြန်ချက်ကို AA က မလိုက်နာဘူးဆိုရင် ဒီရဲ့ နောက်ဆက်တွဲတွေအားလုံး က AA နဲ့ စစ်တပ်မပေါ်မှာ တာဝန်ရှိမှာဖြစ်တယ်။ ပဋိပက္ခမရှိပဲ အပြုသဘောဆောင်တဲ့ ကိစ္စတွေ ကိုပဲ ကျွန်တော်တို့လိုလားပေမယ့် ထင်သလိုမဟုတ်ဘူးဆိုရင် လက်နက်ကိုင်အချင်းချင်းပဲ အချိန် မရွေးပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်နိုင်တယ်။

👉CCN မေး – တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းဖြစ်ကြတဲ့အတွက် အခုလို ကိစ္စတွေကြောင့် လူမျိုးတစ်ခုနဲ့ တစ်ခုကြားမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲ။ 

👉ဖြေ – CNF ဖြစ်ဖြစ် AA ဖြစ်ဖြစ် ပြည်သူ့အား၊ ပြည်သူ့ထောက်ခံမှုနဲ့ တော်လှန်ရေးလုပ်ကြတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ ကျွန်တော်တို့ CNF ဆိုရင် ပြည်သူကကျွေးတဲ့ထမင်း၊ ပြည်သူရဲ့ အထောက် အပံ့၊ ပြည်သူ့ဆုတောင်းမှု၊ ပြည်သူ့ထောက်ခံမှုနဲ့ ဒီတော်လှန်ရေးခရီးကို လျှောက်လှမ်းနေတာ ဖြစ်တယ်။ AA ရဲ့ လုပ်ပုံကိုင်ပုံတွေကို သေချာသုံးသပ်ရင် လူမျိုးတစ်ခုနဲ့တစ်ခုကြားမှာ ဘယ်လို အကျိုးသက်ရောက်မှုမျိုးမှ မရှိနိုင်ပါဘူးလို့ ကျွန်တော်ယတိပြတ်မပြောနိုင်ဘူး။ အကယ်၍ ဒီလိုအကျိုး သက်ရောက်မှုတစ်ခုခုရှိခဲ့ရင် တောင် အဲဒါ CNF ကြောင့်မဟုတ်နိုင်ဘူး။ ချင်းနဲ့ ရခိုင်လူမျိုးဆိုတာ ချင်းပြည်နဲ့ ရခိုင်ပြည်မှာ ရှေးဘိုးဘွားလက်ထက်ကတည်းက အတူတကွယှဉ်တွဲ နေထိုင်လာတာ ဖြစ်တယ်။ ဒါကြောင့် လူမျိုးရေးပဋိပက္ခအသွင်မျိုးကိုတော့ လုံးဝမရောက်စေလိုပါဘူး။ 

👉CCN မေး – CNF အနေနဲ့ အခုလို ချင်းပြည်မှာ AA က နေရာယူတိုက်ပွဲဖော်ဆောင်တာမျိုးမလုပ်ဖို့ သတိပေးချက်လုပ်တာနဲ့ပတ်သက်ပြီး တချို့ အမြင်က CNF လည်း တစ်ချိန်ချိန် AA လိုအခြေအနေ မျိုးမကြုံတွေ့ဘူးလို့ မပြောနိုင်ဘူး အချိန်မရွေးရောက်သွားနိုင်တယ်။ ဒီကိစ္စမှာ AA ရဲ့ အခြေအနေကို စာနာနားလည်ပြီး ညီနောင်အချင်းချင်းရိုင်းပင်းတဲ့သဘောမျိုးထားပေးသင့်တယ်လို့ ပြောကြတယ်။ ဒါနဲ့ ပတ်သက်ပြီး အမြင်လေးပြောပေးပါအုံး။

👉ဖြေ – CNF ကို စာနာထောက်ထားပြီးရေရှည်အတွက် ဒီမေးခွန်းမေးတယ်လို့ ယူဆလိုက် ပါမယ်။ ကျေးဇူးတင်ပါတယ်။ ပြောတာနည်းလမ်းကျပါတယ်။ ကျွန်တော်တို့ရဲ့ အရှေ့အရပ်ဖက်က ညီနောင်တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာလည်း ဒီလိုကိစ္စမျိုးတွေကြုံရလေ့ရှိတယ်။ ကိုယ့်အချင်းချင်း ဒီလိုမျိုးဖြစ်ရင် စည်းလုံးမှုလျော့နိုင်တယ်။ အဲဒီအပေါ်မှာ ဘယ်သူဝမ်းသာမလဲ ဆိုတာလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပါတယ်။ ကျန်ညီနောင်တွေကလည်း ကျွန်တော်တို့ကို ဘယ်လိုမြင်သွားနိုင်မလဲဆိုတာလည်း ထည့်တွက်ပါတယ်။

CNF အနေနဲ့ ပလက်ဝမြို့နယ်ကို ချင်းပြည်နယ်တစ်ခုလုံးမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အရ ဖွံ့ဖြိုးမှုအားအနည်းဆုံးဒေသ လို့ မြင်ပါတယ်။ ဒါကြောင့် အထိအခိုက် အမှားအယွင်းမခံပဲ အထူးဒေသအနေနဲ့ သေချာဂရုပြုပါတယ်။ ဒီလိုအနေအထားမျိုးမှာမှ ကျွန်တော်တို့ မိဘပြည်သူတွေကလာပြီး ကူပါကယ်ပါလို့ ပြောသံတွေ ကိုတော့ ကျွန်တော်တို့ မခံစားနိုင်ပါဘူး။ ကျွန်တော်တို့ကို အလုပ်အကျွေးပြုတဲ့ မိခင်ဖခင် ပြည်သူတွေက သူတို့တင်ကျွေးတဲ့သူဆီမှာ ပြန်ပြီးအကူအညီတောင်းတယ်ဆိုတာမျိုးကို ခင်ဗျားတို့ လည်း ဒီတိုင်းတော့ နေနိုင်မယ်မထင်ပါဘူး။ ဒါကြောင့် ဒီမေးခွန်းနဲ့ ပလက်ဝမြို့နယ်မှာရှိတဲ့ ကျွန်တော်တို့ပြည်သူတွေ ကြုံတွေ့ရတဲ့ ဆင်းရဲဒုက္ခတွေကို ချိန်ထိုးကြည့်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေရဲ့ ညည်းတွားသံက ပိုအလေးသာပါတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ ကိစ္စတွေဖြစ်ဖို့အတွက် statement ထုတ်ခဲ့တာလည်း ဖြစ်တယ်။

👉CCN မေး – အခုလိုမျိုး မြန်မာ့အနောက်ဖက်ခြမ်းမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ချင်းလူမျိုးတွေလည်း စစ်ဘေးဒုက္ခသည်တွေဖြစ်ရတယ်။ ဒီအပေါ်မှာ ဘယ်သူက တာဝန်အရှိဆုံးလို့ မြင်ပါ သလဲ။ ပြီးတော့ ဒါကို ဘယ်လိုကိုင်တွယ်ရင် သင့်တော်မလဲလို့ ထင်ပါသလဲ။ 

👉ဖြေ – အဓိကအားဖြင့် ဒီလိုပဋိပက္ခကို ဖြစ်အောင်လုပ်တဲ့သူတွေမှာ တာဝန်အရှိဆုံးပါ။ ဒီလိုမျိုးပြောလိုက်လို့ CNF မှာ လုံးဝတာဝန်မရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ အားလုံးမှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် CNF လည်း တာဝန်သိသိ သစ္စာရှိရှိနဲ့ လှုပ်ရှားဖို့ ပြင်ဆင်ရခြင်းဖြစ်တယ်။ ပြီးတော့ ချင်းပြည်နယ်အစိုးရပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ ဘာသာရေးအစုအဖွဲ့တွေပဲဖြစ်ဖြစ် လူသားချင်း စာနာထောက်ထားမှုရှုထောင့်ကနေကြည့်ရင် တတ်စွမ်းသလောက် လှုပ်ရှားကြတယ်။ ကျွန်တော်တို့ရဲ့ ပလက်ဝနဲ့ ကျွန်တော်တို့ရဲ့ လူမျိုးကို ကာကွယ်ဖို့အတွက် အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့ အားလုံးမှာတာဝန်ရှိပါတယ်။

👉CCN မေး – ပြည်သူလူထုဆီကို ပြောကြားလိုတာ ဒါမှမဟုတ် အခြားဖြည့်စွက်လိုတာများ ရှိပါ သလား။ 

👉ဖြေ – CCN အနေနဲ့ အခုလိုမေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရောဂါ ဝေဒနာကို ကျွန်တော်တို့ကိုယ်တိုင်ဆရာဝန်ဆီသွားမပြပဲ တခြားလူနဲ့ ပါးပြီးပြမယ်ဆိုရင် ကျွန်တော် တို့ရောဂါက ဘယ်လိုနည်းနဲ့မှ သက်သာပျောက်ကင်းနိုင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်သွားပြီး ပြသမှသာ ရောဂါအခြေအနေအသေးစိတ်ကိုပြောပြီး ကုသပျောက်ကင်းနိုင်မှာ ဖြစ်တယ်။ အလားတူပဲ ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ လူမျိုး အခြေအနေနဲ့ ဖြစ်စေလိုတဲ့အရာတွေကို တခြားလူထက် ကျွန်တော်တို့ကပဲ ပိုသိပါတယ်။ ကိုယ်တိုင်ကကြိုးပမ်းအားထုတ်ရမှာဖြစ်တယ်။ ဒါကို ချင်းလူမျိုးလို့ ခံယူသူတိုင်းရဲ့ တာဝန်ဖြစ်တယ်လို့ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

LEAVE A REPLY

Please enter your comment!
Please enter your name here